ဟော.. ဒင်းလဲဆုံးပြီဆိုရော အရပ်ထဲကလူတွေကိုခေါ်
ရေမိုးချိုးပေးပြီး ကျောက်ဖရုံသီးအောက်ခံထားတဲ့ အေးကုတင်ပေါ်မှာတင်တယ်။
နယ်ဝေးကဆွေမျိုးတွေကိုစောင့်ရင်း သုံးရက်၊ ငါးရက်၊ ခုနှစ်ရက်.. ဒါမှမဟုတ်
မပုပ်မချင်း အလောင်းပြင်ထားတယ်။
ဒါကတော့ ချစ်ရင် ချစ်သလိုပဲ။ မချစ်ရင်တော့
ခုသေ ခုချက်ချင်း ဂျောင်းဆိုပြီး ဗျင်းထည့်လိုက်တာပဲ။
အလောင်းပြင်တဲ့အခါမလဲ သေရာကပြန်ထမလာအောင်တဲ့... ခေါင်းက
ဆံပင်တွေကိုနည်းနည်းဖြတ်ပြီး လက်မနှစ်ချောင်းနဲ့ ခြေမနှစ်ချောင်းကို
ပူးချည်တယ်။ ဖွဟဲ့ မပြောကောင်းမဆိုကောင်း သေရာကပြန်ထလာရင် လမ်းလွဲပြီး
မျက်စိလည်သွားအောင် အပေါ်ဝတ်အင်္ကျီလေးလဲ ပြောင်းပြန်ဝတ်ပေးလိုက်သေး။
စတိုင်တစ်မျိုးပါ့.. ဟေးဟေး
ပြီးတော့ ဘတ်စ်ကားတောင်
တစ်ရာကျပ်နဲ့စီးမရတဲ့ခေတ်ကြီးမှာ အကြွေတစ်မတ်ကို ပါးစပ်ဖြဲပြီး
ကူးတို့ခဆိုလားဘာလား သုံးချင်ရာသုံးဖို့ ထည့်ပေးတယ်။ ကြည့်ရတာ တမလွန်ဆိုတာ
မြစ်ဟိုဘက်မှာ ရှိပုံပဲ။ ကုန်ဈေးနှုန်းကလဲ ဘိုးတော်ဘုရားခေတ်ကလိုပဲ
နေမပေါ့။
စောစာကလို အလောင်းကို ပြန်ထ
မလာအောင်သာ ချည်ထားတုတ်ထားတယ်သာပြောတယ်.. သေတဲ့သူ ညကျ ဆာရင် အစာပြေ
ထစားဖို့ဆိုပြီး ခေါင်းရင်းမှာ ထမင်းလေးဟင်းလေးနဲ့ သပ်သပ်ယပ်ယပ်
အသင့်ပြင်ထားလိုက်သေး။ တစ်ချို့များကျ ခေါက်ဆွဲကြော်ထုတ်ကို အချိုရည်ကလေး
ဆေးလိပ်ကလေးတောင် ပါလိုက်သေး။ အလိုက်သိတတ်ပုံများ ပြောပါတယ်။
အဲ..
ဆွေမျိုးတွေစုံလို့ သချိုင်းကုန်းကို ပို့တော့မယ်ဆိုရင် မသေခင်တစ်သက်လုံး
မအားလို့မတင်ခဲ့ရတဲ့ သရဏဂုံကို ဖုတ်ပူမီးတိုက် ကောက်ကက်တင်တယ်။ ပြီးတော့
ဒင်းနဲ့ ငါတို့ သေခန်းပြတ်ပါပြီ အိုးစားကွဲပါပြီဆိုတဲ့ သဘောနဲ့
မြေအိုးတစ်လုံးကို အလောင်းအိမ်က ထွက်ထွက်သွားချင်း ဂွမ်းကနဲချပြီး ခွဲတယ်။
အဲသည်အချိန်မှာ တိုင်ပင်ကိုက်.. ဝမ်းတူးသရီး.. အားလုံးဝိုင်းငို။
အဲ
အလောင်းကို မြေချလို့ (ဒါမှမဟုတ်) မီးရှို့လို့ပြီးရင်တော့
အသုဘလိုက်ပို့သူတစ်ယောက်ယောက်က တာဝန်ယူပြီး သစ်ကိုင်းတစ်ကိုင်းချိုးပြီး
သေတဲ့သူရဲ့ ဝိဉာဏ်(သို့) တစ္ဆေကို ဘယ်သူနဲ့မှ စကားမပြော တုံဏိဘာဝေလုပ်ပြီး
အိမ်ပြန်ခေါ်လာရပြန်ပါလေရော။ တစ္ဆေခေါ်လာတဲ့လူ အိမ်ထဲပြန်ဝင်တော့
အိုးစားခွဲထားပါတယ်ဆိုတဲ့ အိုးခြမ်းပဲ့လေးတောင် တက်နင်းသွားလိုက်သေး။
ဂျွတ်ကနဲပဲ။
အိမ်ရောက်ပြီဆိုတာနဲ့ အဲသည့် တစ္ဆေပါတဲ့ သစ်ကိုင်းကို
အိမ်တိုင်မှာချည်ထားပြီး အိမ်သားတွေ တစ္ဆေကြောက်မှာစိုးလို့
အသုဘရက်မလည်မချင်း ဖဲဝိုင်းကို နေ့မီးညမီးရိုက်ပြီး
စောင့်အိပ်ပေးကြပြန်တယ်။ ချစ်စရာ ဓလေ့။
ဟောရက်လည်ဆွမ်းလဲကပ်ရော..
ဘုန်းကြီးတရားနာဖို့ အိမ်မှာခေါ်ထားတဲ့ တစ္ဆေကို အနားလာခိုင်းပြီး
ကျွတ်အောင်လွတ်အောင်လို့ အမျှဝေသမျှကို သာဓုခေါ်ခိုင်းပြန်တယ်။
ဘုန်းကြီးတွေ ပြန်ကြွသွားရင်တော့ သုဿန်ကခေါ်လာတဲ့တစ္ဆေလဲ လစ်ပြီလို့မှတ်။
ပြီးတော့လဲ စားမြဲ၊ သောက်မြဲ၊ ဟီလာထမြဲ၊ ရွမြဲ၊ ပွမြဲ၊ ဖွမြဲ၊ ဆွမြဲ… မြဲ.. မြဲ.. မြဲ
ဘာရယ်တော့မဟုတ်ပါဘူး။
(မူရင်းရေးသားသူ JL Tkg )
No comments:
Post a Comment